Knowledge Sharing

အလုပ်အကိုင် ရှာဖွေခြင်းနှင့် ပတ်သက်သော ဗဟုသုတများကို မျှဝေပေးလိုခြင်း ဖြစ်ပါသည်။

အလုပ်တစ်ခါမှ မလုပ်ဖူးလို့ အလုပ် စလုပ်ရမှာ ကြောက်နေပြီလား

Oct. 27th, 2023

လူရယ်လို့ဖြစ်လာရင် အရွယ်ရောက်လာတဲ့အခါလုပ်ငန်းခွင်ကို ဝင်ပြီး အလုပ်လုပ်ကြရမှာပါပဲ.. အဲ့ဒီတော့ JOC ကနေပြီးတော့ လုပ်ငန်းခွင်မှာ ကြုံတွေ့ရနိုင်တဲ့ အခက်ခဲလေးတွေကို ယေဘုယျ စုစည်းပြီး ဖော်ပြပေးလိုက်တယ်နော်

လုပ်ငန်းခွင်သို့ပထမဆုံးဝင်မည့် သူများ ကြုံတွေ့ရတတ်တဲ့အခက်ခဲများကို အကြမ်းဖျင်း ပြောပြထားပါတယ်

1.အတွေ့အကြုံမရှိခြင်း

ပထမဆုံးအလုပ်စလုပ်ပြီဟေ့ဆိုတာနဲ့ ကိုယ့်ဘဝမှာ စိန်ခေါ်မှုတစ်ခု စတင်ပြုလုပ် လိုက် ခြင်းပဲဖြစ်ပါတယ်။ ဝန်ထမ်းအသစ်ရယ်လို့ ဖြစ်လာပြီဆိုရင်မိမိနဲ့ သက်ဆိုင်ရာ လုပ်ငန်းခွင်တွေမှာ အတွေ့အကြုံ နည်းပါးခြင်းများ ရှိတတ်ကြတာ သဘာဝပဲလေနော့်... မမှုပါနဲ့. . . မိမိလုပ်ငန်းအပေါ်မှာ ပိုအာရုံစိုက်ပြီး စိတ်ပါဝင်စားစွာ အလုပ်လုပ်ခြင်းကနေတစ်ဆင့်အတွေ့အကြုံများစွာ ရရှိလာနိုင်ပါတယ်။

2.လုပ်ငန်းခွင်အတွင်းမှ စိန်ခေါ်မှုများ

မိမိလုပ်ကိုင်နေရတဲ့ လုပ်ငန်းထဲမှာ မိမိမလုပ်ဖူးသော အလုပ်များ၊ကိုယ်နဲ့ရင်းရင်းနှီးနှီးမရှိသော နည်းပညာသစ်များက ကိုယ့်ကို စောင့်ကြိုနေတတ်တယ်..။

ဒါပေမဲ့ မပူပါနဲ့ .... အစပိုင်းမှာ မလုပ်တတ်သေးပေမဲ့လည်း နောက်ပိုင်းမှာ ကျွမ်းကျင်တတ်မြောက်လာနိုင်စေဖို့အတွက် အချိန်နဲ့အမျှ ကြိုးစားအားထုတ်လေ့လာခြင်းကနေ သင်ယူတတ်မြောက်သွားနိုင်ပါတယ်။

3.လုပ်ငန်းခွင်နဲ့ရင်းနှီးကျွမ်းဝင်မှုမရှိခြင်း

ဝန်ထမ်းအသစ်တစ်ယောက်အနေဖြင့်လုပ်ငန်းခွင်အသစ်၊ပတ်ဝန်းကျင်အသစ်ကို ပထမဆုံး စရောက်ပြီ ဆိုတာနဲ့ မိမိနဲ့လုပ်ငန်းခွင်က အစိမ်းသက်သက်ကြီး ဖြစ်နေတတ်တယ်။ လုပ်ငန်းလည်ပတ်ပုံ၊ရုံးရဲ့ဆက်သွယ်ရေးစနစ်ပုံ၊စည်းမျဉ်း စည်းကမ်းများ နဲ့အံဝင်ခွင်ကျဖြစ်ဖို့အတွက်အချိန်ယူရနိုင်ပါတယ်။

4.အချိန်စီမံခန့်ခွဲမှု

မည်သည့်လုပ်ငန်းခွင်မဆို ဖိအားဆိုတဲ့အရာကို ဝန်ထမ်းတိုင်းခံစားရတတ်တယ်။ဝန်ထမ်းအသစ်တွေဆို ပိုဆိုးတာပေါ့ .. ဘာကြောင့်လဲဆိုတော့ မိမိရဲ့အထက်လူကြီးက အလုပ်တွေကို အမြန်ပြီး စေဖို့ ဒါမှမဟုတ် ကောင်းသည်ထက်ပိုကောင်းအောင် လုပ်ဆောင်ရန် ညွှန်ကြားမှုတွေကြောင့် ဝန်ထမ်းများမှာ စိုးရိမ်စိတ်များ စိတ်ဖိစီးမှုများခံလာရနိုင်ပါတယ်။

5.ဖိအားများကြုံတွေ့ရခြင်း

လုပ်ငန်းခွင်ထဲဝင်ရောက်ပြီဆိုတာနဲ့တစ်ပြိုင်ထဲ မိမိရဲ့ကိုယ်ပိုင်အချိန်တစ်ဝက်နီးပါးကို လုပ်ငန်းရှင်ဘက်ကို ပေးလိုက်ရပြီ... ဒါ့ကြောင့် မိမိကိုယ်ရေး ကိုယ်တာ ကိစ္စများရယ်...အလုပ်တာဝန်တွေရယ်...ရောထွေးပြီး ဟန်ချက်ညီစွာထိန်းနိုင်ဖို့ရာ ခက်ခဲနိုင်ပါတယ်။

6.လုပ်ငန်းခွင်ပေါင်းသင်းဆက်ဆံရေးနှင့်ဝတ်စားဆင်ယင်မှု

လုပ်ငန်းတစ်ခုထဲကို ဝင်ရောက်လိုက်ပြီဆိုတာနဲ့လုပ်ငန်းခွင်ရှိ Uniform က ကိုယ်ဝတ်ဆင်နေကျ ပုံစံမျိုးမဟုတ်ဘဲ ကွဲထွက်နေတာမျိုးတို့မှာလည်း အခက်ခဲရှိနိုင်တယ်။ ပေါင်းသင်း ဆက်ဆံရေး မှာလည်း မိမိက အသစ်ဖြစ်တာကြောင့် အားလုံးနဲ့ ခင်ခင်မင်မင်ရှိနေစေရေးအတွက် ပေါင်းသင်း ဆက်ဆံရေးလည်း ကောင်းမွန်အောင်နေထိုင်တတ်ရပါမယ်။ ပေါင်းသင်း ဆက်ဆံရေး ကောင်းဖို့အတွက်ဆိုရင်တော့"အပြုံးလေး"ကတော့ အဓိကပေါ့။

7.လုပ်ငန်းခွင်လွှမ်းမိုးမှု

မည်သူမဆို လုပ်ငန်းထဲ(အလုပ်ထဲ)ရောက်ပြီဆိုတာနဲ့ အနည်းနဲ့အများတော့ အလုပ်ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကိုခံရတတ်တယ်။

မိမိမှာ အဖြူရောင်စာရွက်လေးပမာ ဝင်ရောက်သွားပေမဲ့ ပတ်ဝန်းကျင်ဆိုတဲ့ကာလာရောင်စုံကြားထဲမှာ အရောင်မျိုးစုံခြယ်သခံရနိုင်ပါတယ်။



အထက်မှာ ဖော်ပြထားတဲ့ အခက်ခဲများအပြင် အခြားအခက်ခဲများကိုလည်း ရင်ဆိုင်ကျော်လွှားပြီး မိမိရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းအပေါ်အာရုံစိုက်ကြိုးစားနိုင်စေဖို့အတွက် ရည်ရွယ်ရင်း.......

ဝန်ထမ်းတိုင်း သိထားသင့်တဲ့ ခွင့်ရက်ခံစားခွင့်များအကြောင်း

Sep. 16th, 2023

ကျွန်တော်တို့ဟာ နေမကောင်းလို့ဖြစ်စေ၊ အခြားသောအရေးပေါ်ကိစ္စရပ်များကြောင့်ဖြစ်စေ .. မဖြစ်မနေ ခွင့်ယူရတဲ့အခြေအနေမျိုးတွေ ကြုံတွေ့ကြရပါတယ်။ ဒီလိုအခြေအနေမှာ ခွင့်ခံစားခွင့်တွေအကြောင်း ဂဃနဏ သိထားရင်ဖြင့် လုပ်ငန်းခွင်အတွင်း .. HR နဲ့ နောင်ဂျိန်ပလေးရမှုတွေကို လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။

လစာအပြည့်နဲ့ ခံစားခွင့်ရှိတဲ့ ခွင့်အမျိုးအစားတွေကတော့ ..

  • ရှောင်တခင်ခွင့် (Casual leave)
  • လုပ်သက်ခွင့် (Annual or Earned leave)
  • ဆေးခွင့် (Medical leave)
  • မီးဖွားခွင့် (Maternity leave) နဲ့
  • ဖခင်ဖြစ်ခွင့် (Paternity Leave) တို့ပဲ ဖြစ်ပါတယ်။

ရှောင်တခင်ခွင့် (Causal leave)

အလုပ်ဝင်တဲ့နေ့ကနေ တစ်နှစ်အတွင်း (၆) ရက် ခံစားခွင့်ရပါတယ်။ တစ်ကြိမ်တည်းဆက်တိုက် (၃)ရက်ထက် ပိုပြီးခံစားခွင့်မရှိပါ။ အခြားမည်သည့်ခွင့်နဲ့မှ ပေါင်းစပ်ခံစားခွင့်မရှိပါ။

လုပ်သက်ခွင့် (Annual or Earned leave)

လစဉ် အလုပ်ဆင်းရက် အနည်းဆုံး (၂၀)ရက်ရှိခဲ့ပြီးလုပ်သက် တစ်နှစ် ပြည့်ပြီးတာနဲ့ ခံစားခွင့်ရှိပါတယ်။ (၁၀)ရက်ကို တစ်ဆက်တည်းဖြစ်စေ၊ ခွဲပြီးဖြစ်စေ ခံစားနိုင်ပါတယ်။

ဆေးခွင့် (Medical leave)

လုပ်သက် (၆) လပြည့်ပြီးတာနဲ့ တစ်နှစ်အတွင်းမှာ ဆေးခွင့်ရက် (၃၀) ခံစားခွင့်ရှိပါတယ်။ (၆)လ မပြည့်သေးရင်တော့ ဆေးလက်မှတ်နဲ့ဆိုရင် လစာမဲ့ခွင့်အဖြစ်အကျုံးဝင်ပါမယ်။

မီးဖွားခွင့် (Maternity leave)

လုပ်သက်(၆)လ ပြည့်ပြီးသူတိုင်း မီးမဖွားခင်(၆)ပတ်နဲ့မီးဖွားပြီး(၈)ပတ်ကို အခြေခံလစာနဲ့ ခံစားခွင့်ရှိပါမယ်။

ဖခင်ဖြစ်ခွင့်(Paternity Leave)

ဇနီးသည် မီးဖွားတဲ့ရက်ကနေ(၁၅)ရက် ရရှိခံစားရပါမယ်။

သတိထားရမယ့် အချက်ကတော့

ခွင့်ယူတဲ့ အခါ (off day or public holiday) ပိတ်ရက်မတိုင်ခင် တစ်ရက်နဲ့ ပိတ်ရက်ပြီး နောက်တစ်ရက် ကို တစ်ပြိုင်တည်း ဆက်တိုက်ယူမယ်ဆိုရင် ကြားထဲက ပိတ်ရက်ကိုပါ ခွင့်ရက်အဖြစ် သတ်မှတ်ခံရမှာ ဖြစ်ပါတယ်..

ဖော်ပြခဲ့တဲ့ခွင့်အမျိုးအစားနဲ့ ခွင့်ခံစားခွင့်တွေကတော့ သတ်မှတ်ပြဌာန်းပြီးသား အခြေခံရပိုင်ခွင့်တွေပဲဖြစ်ပါတယ်။

အားလုံးပဲ ခွင့်ရက်ကင်းစင် အလုပ်ခွင်တွင် ပြုံးပျော်ရွှင်နိုင်ကြပါစေ.......လို့ 𝐉𝐎𝐂 (𝐉𝐨𝐛 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 𝐂𝐫𝐞𝐚𝐭𝐨𝐫) မှ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐬𝐡𝐚𝐫𝐢𝐧𝐠 လေး လုပ်ပေးလိုက်ရပါတယ် ခင်ဗျာ

ဝန်ထမ်းတွေကြား သိထားသင့်တဲ့ 𝐄𝐂 စာချုပ် ဆိုတာ ဘာလဲ?

Sep. 12th, 2023

ကျွန်မတို့က အလုပ်ရှင်နဲ့ အလုပ်သမား (ဝန်ထမ်း) နှစ်ဦးနှစ်ဘက်ကြားကောင်းကျိုးကိုယ်စီရှိစေတဲ့ 𝐄𝐦𝐩𝐥𝐨𝐲𝐞𝐞 𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭 ဆိုတဲ့ 𝐄𝐂 စာချုပ်လေးအကြောင်း 𝐬𝐡𝐚𝐫𝐢𝐧𝐠 လုပ်ပေးသွားမှာ ဖြစ်ပါတယ်..

ဝန်ထမ်းတော်တော်များများက 𝐄𝐂 ချုပ်ရမယ်.. 𝐄𝐂 ချုပ်ရတော့မယ် ဆိုရင် ကြောက်တတ်လေ့ရှိပါတယ်..

𝐄𝐂 ဆိုတာ ဘာကြီးလဲ?..

ငါတို့က ဘာလို့ချုပ်ဖို့လိုတာလဲ?..

ဒီလိုချုပ်လိုက်ရင် ငါတို့အလုပ်ပြောင်းချင်တဲ့အခါ လျှော်ပေးရတာမျိုးလား?

လွယ်လွယ်နဲ့ အလုပ်ပြောင်းလို့ မရအောင် စာချုပ်ချုပ်တာလား?

ငါတို့တော့ ဒီအလုပ်မှာ ပိတ်မိတော့မှာလားပေါ့ စသဖြင့် .. သို့လော သို့လော စိတ်ပူပန်တတ်ကြတာ သဘာဝပါ..

အဲ့လိုမျိုး နှစ်ကာလနဲ့ ချုပ်ဆိုရတဲ့ 𝐛𝐨𝐧𝐝 ထိုးရတဲ့ စာချုပ်မျိုး လုံးဝ လုံးဝ မဟုတ်ပါဘူး..

တကယ်တော့ 𝐄𝐂 စာချုပ်ဆိုတာ အလုပ်ရှင်ရော အလုပ်သမားအတွက်ပါ အကျိုးကျေးဇူးများစေတဲ့ စာချုပ်လေးပဲ ဖြစ်ပါတယ်..

ရည်ရွယ်ချက်ကတော့ အလုပ်သမားဘက်က အလုပ်ခွင်စည်းကမ်းတွေကို သေချာလိုက်နာကာစည်းကမ်းတကျရှိစေဖို့ ဖြစ်ပြီး.. လုပ်ငန်းခွင်မှာ အလုပ်ရှင်နဲ့ အလုပ်သမားကြား ခံစားခွင့်တွေနဲ့ ပတ်သတ်ပြီးအငြင်းပွားစရာတစ်စုံတစ်ရာကြုံလာတဲ့အခါ အလုပ်သမားဥပဒေအရဖြေရှင်းနိုင်ဖို့ပဲ ဖြစ်ပါတယ်..

သက်ဆိုင်ရာ လုပ်ငန်းအမျိုးအစားအရ အလုပ်သင် (၃)လ.. အစမ်းခန့်ကာလ(၃)လ အပြီး တရားဝင်ဝန်ထမ်း (𝐏𝐞𝐫𝐦𝐚𝐧𝐞𝐧𝐭) အဖြစ်ခန့်အပ်ပြီးတာနဲ့ စာချုပ် စချုပ်ရပါပြီ..များသောအားဖြင့်တော့ လုပ်ငန်းတော်တော်များများမှာ အစမ်းခန့် (၃) လ ပြည့်တာနဲ့ ချုပ်လေ့ရှိကြပါတယ်..

အကယ်၍ တရားဝင် ဝန်ထမ်းအဖြစ် ခန့်အပ်ပြီး ရက်ပေါင်း (၃၀) အတွင်း 𝐄𝐂 မချုပ်ဘူးဆိုရင် အလုပ်ရှင်ကို ၆လထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ..ငွေဒဏ်ဖြစ်စေ .. (၂)မျိုးလုံး တပြိုင်တည်းချမှတ်ပြီး ဖြစ်စေ အရေးယူလို့ရပါတယ်..

ဝန်ထမ်းတွေအတွက် ဘာအကျိုးကျေးဇူးတွေ ရှိနိုင်မလဲ?

ဝန်ထမ်းတွေရဲ့ အလုပ်တာဝန်တိကျစေခြင်း၊ သတ်မှတ်ထားတဲ့ အလုပ်ချိန်ထက် အချိန်ပိုလုပ်ကိုင်ရခြင်းအတွက် ခံစားခွင့်များရရှိခြင်း၊ နားရက်၊ ခွင့်ရက်များအပေါ် ခေါင်းပုံဖြတ်ခံရခြင်း၊ အလုပ်ရှင်ဘက်က တစ်စုံတစ်ခုသော အကြောင်းကြောင့် အလုပ်မှရပ်နားခံရတဲ့အခါ နစ်နာကြေးများရရှိနိုင်ခြင်း၊ လုပ်ငန်းခွင်ဆိုင်ရာ လုံခြုံမှုရရှိစေခြင်း၊ မသမာသောလုပ်ရပ်များအတွက် အလုပ်သမားဥပဒေအတိုင်း ဆောင်ရွက်နိုင်ခြင်း.. စသော အကျိုးကျေးဇူးများရနိုင်ပါတယ်..

ဒါကြောင့် 𝐄𝐂 စာချုပ် ချုပ်ဖို့ မကြောက်ကြပဲ လုပ်ငန်းခွင်မှာ ပျော်ရွှင်လုံခြုံစွာ လုပ်ကိုင်နိုင်ဖို့ ..နှစ်ဦးနှစ်ဘက် လေးစားမှုရှိစွာ အလုပ်လုပ်ကိုင်နိုင်ဖို့ စာချုပ်ချုပ်ရခြင်း ဖြစ်ကြောင်း ကျွန်မတို့ 𝐉𝐎𝐂(𝐉𝐨𝐛 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 𝐂𝐫𝐞𝐚𝐭𝐨𝐫) မှ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐬𝐡𝐚𝐫𝐢𝐧𝐠 လေး လုပ်ပေးလိုက်ရပါတယ်ရှင် ..

အလုပ်အကိုင်အတွက်ဆို အမြဲယုံကြည်
JOC